အမြဲတမ်းလိုလို အောင်မြင်မှုတွေမရခဲ့ဘူး
ရှားရှားပါးပါး ရဖူးတဲ့ တစ်ကြိမ်
ဆုတက်ယူတော့လည်း
အနားမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး
လက်ခုပ်တွေ တီးကြပေမယ့်
ဝတ္တရားတွေပဲ ပဲ့တင်ထပ်သွားတယ်
မြင်ချင်တယ်ဆိုလို့
ဆုလေးပိုက်ပြီး စင်ပေါ်မှာ ရပ်ပြနိုင်ခဲ့သော်လည်း
မျက်လုံးစိမ်းတွေပဲ ဝန်းရံခြင်းခံခဲ့ရတယ်
ကိုယ့်ကို စူးစူးစိုက်စိုက်
အားပါးတရကြည့်နေတာဆိုလို့ ကင်မရာတွေပဲရှိတယ်
အကြောင်းကိုရှာတော့
ငွေစက္ကူတွေပေါ်မှာ အပုံလိုက်လေးပါ
တစ်ခုခုဆိုတိုင်း ဒီပေါ် လာပုံချရလောက်အောင်
ဘာတွေများ ဒီလောက်တောင်အဖိုးတန်နေရသလဲ
ဖြဲရွဲပြီး ရှာကြည့်တော့
ရင်ငွေ့မေတ္တာ တစ်စက်ကလေးတောင် မတွေ့ခဲ့ပါ
မရယ်နိုင်ပေမယ့် မျက်ရည်လည်း မကျခဲ့ပါဘူး
အားလုံးက ဆု လေးပိုက်ပြီး
ပြန်သွားပြီ ထင်နေကြပေမယ့်
ကျွန်တော်သယ်သွားတာ
" အားတယ် မအားဘူးဆိုတာ
အရေးပါတယ် အရေးမပါဘူး ဆိုတာနဲ့ပဲဆိုင်တယ်" ဆိုတဲ့ အသိလေးတစ်ခုပါ ...
အိပ်ပြန်ရောက်တော့
ကျောပြင်နဲ့ ကြမ်းပြင် တစ်သားဖြစ်အောင်လုပ်ပြီး
" စည်းစိမ်ဥစ္စာကို ပျော်ရွှင်ခြင်းတွေနဲ့
လဲ လဲ ယူတတ်တဲ့သူတွေကြားမှာ
ငါ ဘယ်လိုကြီးပြင်းရမလဲ" ဆိုတဲ့ပုစ္ဆာကို
မျက်နှာကျက်ပေါ် ချတွက်နေလိုက်တာ
နေ ဘယ်ချိန်ဝင်သွားလဲတောင် မသိလိုက်ဘူး ...
အဖြေထွက်လာပေမယ့်
ပေတံမရှိတော့ မှန်၏ မှား၏ ကျွန်တော်မသိ
ဒီတိုင်းထားလိုက်လို့လည်း မဖြစ်သေးပါဘူးဆိုပြီး
ကိုယ့်အတွေးနဲ့ ကိုယ်
ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ပြန်တိုင်းကြည့်တော့
လိုချင်တပ်မက်မှုတိုင်းရဲ့နောက်ကွယ်မှာ
ကြောက်ရွံခြင်းတွေ ရှိနေတယ်ဆိုတာ သိလိုက်ရတယ်
ဆင်းရဲမှာကြောက်လို့ ချမ်းသာခြင်းကို မက်မောလာကြတယ်
ခွဲခွာရမှာကြောက်လို့ နီးစပ်မှုကိုမက်မောလာတယ်
သေရမှာကြောက်လို့ မသေရုံတမယ်ကြိုးစား အသက်ရှင်ကြရတယ်...
အဲဒါကို ခင်ဗျားတို့ လက်ခံလား
လက်မခံလား ကျွန်တော်မသိချင်ဘူး
နောက်တစ်နေ့ နေထွက်တာလည်း
မမြင်ချင်တော့ဘူး
သက်ရှိတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့
နေမင်းကိုတောင် မမြင်ချင်တော့ဘူးဆိုမှတော့
ဆုလာဘ် ဆိုတာတွေကိုလည်း မမက်မောတော့ပါဘူး
ကျွန်တော်
ညင်သာစွာအိပ်စက်ခြင်းလေးကိုပဲလိုချင်တယ် ...
