သူငယ်ချင်းက သူ့ကျောင်းက စာမေးပွဲနီးတော့ လက်ဖက်ရည်ဆိုင်သွားထိုင်ကြရင်တောင် စာရွက်လေးတကိုင်ကိုင်နဲ့ နိဗ္ဗာန်ရောက်ဖို့ ဘုရားစာရွတ်သလို တတွတ်တွတ်ရွတ်ရင်းလိုက်လာသည်။ သူသာရွတ်နေတာ ကျွန်တော်လည်း တစ်လုံးမှ နားမလည်။ အင်္ဂလိပ်လိုရွတ်နေမှန်းတော့သိသည်။ ဘာတွေပြောနေမှန်းနားမလည်။ နားမလည်ဆို သူက Eminem လိုရွတ်၊ ကိုယ့် Listening skill ကလည်း ခပ်ကောင်းကောင်းရယ်ဆိုတော့... ဇာတ်လမ်းက အဲ့မှာ စ တာပဲ။ စာရွက်ကလေးကြည့်ပြီး " ဟျောင့် ဟိုဟာဘာလဲ၊ ဒီဟာက ဘာလဲ" မေးပါတော့သည်။ ဟုတ်တယ်လေ... ကျွန်တော်မှ ဘာတွေရေးထားလဲ မသိတာ။ သူငယ်ချင်းကလည်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြရှာပါတယ်။" အဲဒါတွေသိဖို့မလိုဘူး၊ အဖြေလွှာပေါ်ချရေးနိုင်ရင် ရပြီ"တဲ့
။ အဲဒီ့ရှင်းလင်းချက်က မှားတယ်လို့သွားပြောလို့မရ။ ဘာလို့ဆို သူ အဲ့တိုင်းကျက်ပြီးဖြေလာတာ နောက်ဆုံးနှစ်တောင် ရောက်နေပြီဖြစ်သည်။ နားလည်လည် မလည်လည် ဒီဘက်စာရွက်ကစာတွေ ဟိုဘက်အဖြေလွှာစာရွက်ထဲ သတ်မှတ်အချိန်အတွင်း အလွတ်ရေးထည့်နိုင်လျှင် သူ ဘွဲ့ရပြီဖြစ်သည်။ သူလုပ်နေကျ အလုပ်ဆိုတော့ သူ့အတွက် အဆန်းကြီးမဟုတ်တော့။ သို့သော် ပြဿနာတစ်ခုတော့ ရှိသည်။ အဲတာက သူ စာတွေအလွတ်ရွတ်နေတုန်း ကျွန်တော် စကားဝင်ဝင်ပြောလိုက်ရင် အစက ပြန်ရွတ်ရခြင်းဖြစ်သည်။ ပြီးတော့ သူ့အတွက် နောက်အခက်အခဲတစ်ခုက ကျက်ပြီးသားစာတွေ ပြန်နွေးတိုင်း အကုန် အသစ်ဖြစ်နေတာပဲ... ပြန်ကျက်ရသည်။ နောက်တစ်ပုဒ်ကျက်လိုက်၊ ရှေ့ကအပုဒ်မေ့သွားလိုက် ဖြစ်နေသည်။
ကျွန်တော်ကတော့ ဒီလိုဖြစ်နေတာ သူ စာပိုဒ်တွေကို နားမလည်လို့ပဲဖြစ်မည်ထင်သည်။ နားလည်ဖို့လည်း သူတို့မကြိုးစာပါ။ တစ်ချို့စာလုံးတွေ မသိလည်း dictionary မကြည့်ပါ။ ဒီတိုင်းသာ စာလုံးပေါင်းကျက်ချလိုက်သည်။ ဘာလို့ သူတို့ကျက်နေတဲ့ စာတွေကို သူတို့နားလည်ဖို့ မကြိုးစာကြတာလဲဆိုတော့ အဖြေက ရှင်းပါတယ်။ လက်တွေ့အသုံးချရမယ့်နေရာ မရှိလို့ပါ။
ဘွဲ့ရလို့ အလုပ်ထဲရောက်သွားရင် သေချာပေါက်နောက်မှာနေရမယ့်သူတွေဖြစ်သည်။ အလုပ်ထဲမှာက ရာထူးတစ်ခုအကူးအပြောင်းမှာဖြစ်ဖြစ်၊ ကိုယ့် skill ကို upgrade လုပ်ချင်ရင်ဖြစ်ဖြစ် စာတွေဖတ်ရသည်။ စာမေးပွဲမရှိဘူး။ အမှတ်ခြစ်မယ့်သူမရှိဘူး။ ကိုယ့်အလုပ်က ကိုယ့်စာမေးပွဲပင်ဖြစ်သည်။ စာတွေကို နားမလည်ရင် အလုပ်လုပ်လို့မရ၊ အလုပ်မပြီးရင် ကိုယ့် image လည်းကျလာမည်ဖြစ်သည်။ အလုပ်ထဲမှာ image ကျတာနဲ့ ပြုတ်ဆော်နံလာတာပါပဲ...။
ဒီလိုအလုပ်ထဲမှာ အခက်အခဲတွေရှိလို့၊ ကိုယ်ဘာဆက်လုပ်ရမှန်းမသိလို့ ကိုယ့်အထက်က သူကို သွားမေးရင်လည်း " အေး ဟို စာအုပ်ဖတ်လိုက်လေ..." တစ်ခွန်းသာ အဖြေရသည်။ ဒါ တော်တော်ကံကောင်းတာလို့ပြောရမည်။ ကိုယ့်အတွက် လမ်းစ လေးပြပေးသေးသည်။ "ဒါက ဒီလိုလုပ်ရတယ်၊ ဟိုဟာက ဟိုလိုလေ" ဆိုပြီး ငယ်ငယ်က ကိုယ့်ကို မိဘတွေက လမ်းလျှောက်သင်ပေးသလို တစ်ဆင့်ချင်းရှင်းပြ လုပ်ပြပေးမယ့်သူတွေ့ရင် ဘုရားတစ်ဆူလို့တောင် မှတ်ယူလို့ရတယ်။
ကိုယ့်ကို မသင်ပေးလို့ဆိုပြီး အပြစ်ပြောလို့လည်းမရ။ Professional တွေချည်း စုနေတဲ့ လုပ်ငန်းခွင်ဆိုပိုဆိုးသည်။ ပြိုင်ဆိုင်မှုက ပြင်းထန်သည်။ ကိုယ့်အလုပ် ကိုယ်ပြီးအောင်၊ အရင်ကကိုယ်လုပ်ခဲ့တာထက်သာအောင်၊ သူများထက်သာအောင် အမြဲလုပ်နေရသည်။ သူများကိစ္စထည့်ထားဖို့ ခေါင်းထဲမှာ နေရာမရှိကြပါ။သူတို့ကို ဟိုလိုလုပ်၊ ဒီလိုလုပ် ဆရာလုပ်မယ့်သူမရှိသလို၊ လုပ်လေ လုပ်လေ... အလုပ်တွေမပြီးသေးဘူးဆိုပြီး တွန်းမယ့်သူလည်းမရှိ။ အလုပ်မလုပ်ဘဲ ထိုင်နေလို့လည်း ဘယ်သူကမှ ဘာမှလာမပြော၊ အချိန်တန်ရင် result တွေနဲ့သာ စကားပြောသွားသည်။ အဲ့ချိန်မှာ အချိုးမပြေလို့ကတော့ ဆောရီးပါ သွားလုပ်လို့မရ။ တစ်ခါတည်းဂျောင်း၊ go to the လွတ်ရာ ကျွတ်ရာပဲ ... ။
ပြောချင်တာက
" သူငယ်ချင်းတို့ရေ ဘွဲ့ယူပြီးရင်တော့ ကျောင်းတက်တုန်းကထက် စာ ပိုဖတ်ပါ၊ ကိုယ်ဖတ်တဲ့စာ ကိုယ်နားလည်ဖို့ကြိုးစာပါ"