Skip to main content

မင်းလုပ်တိုင်း ငါလိုက်လုပ်ရမှာလား

 



ကျွန်တော့်မှာရှိတဲ့ အကျွမ်းကျင်ဆုံးစွမ်းရည်တစ်ခုကို ပြပါဆိုရင် "အကောင်းမမြင်တတ်တာ"ပဲ။ ဟုတ်တယ်။ "ဒေဝဒတ်"လို့ခေါ်ချင်ခေါ်....။ ကျွန်တော်ကြည့်ရင် ဘုရားတောင် အပြစ်မလွတ်ဘူး။ လူတစ်ယောက်ကိုတွေ့တာနဲ့ မကောင်းတာက စမြင်တာပဲ။

ဟုတ်ပြီ။ ဒါဆိုရင် " မင်း ကောင်းတယ်၊ မကောင်းဘူး ဆိုတာကို ဘယ်လိုခွဲလဲ " လို့မေးစရာရှိလာတယ်။ ခင်ဗျားမေးရင် ဖြေဖို့ ကျွန်တော်မှာ အဖြေရှိပြီးသားပါ။ ဘယ်ကျမ်း၊ ဘယ်နီတိ ကိုမှ ကိုကားပြီးပြောမှာမဟုတ်ဘူး။ ကျွန်တော့်ကို ကျွန်တော်ပဲကြည့်ပြီးပြောမှာ ... ။
ဘယ်ဟာမကောင်းဘူးလဲ
သူငယ်ချင်းတွေ တွေ့ဆုံဖို့ချိန်ထားတယ်ဆိုပါစို့။ ချိန်ထားတဲ့အချိန်မတိုင်ခင် နှစ်နာရီလောက်ကတည်းက ဆုံမှတ်ကိုရောက်အောင်သွားဖို့ပြင်ဆင်တယ်။ စောစောထရမယ်ဆို ထတယ်။ အိမ်ကမထွက်ခင် လုပ်ရမယ့်အရာတွေရှိတယ်ဆိုလည်း အလျင်စလိုလုပ်တယ်။ အိမ်ကထွက်လို့ လမ်းမှာကားပိတ်တယ်ဆိုလည်း လမ်းကြောင်းကို အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ယောက်ယက်တွေခက်နေပြီ။ ဟွန်းတွေလည်း တရစပ်တီးချင်တီးပလိုက်တယ်။ ကားကြီးတွေ၊ ကားလေးတွေသိပ်စိတ်မဝင်စားဘူး။ ကပ်မောင်းသင့်ရင် ကပ်မောင်းလိုက်တယ်။ အသက်အန္တရာယ်တွေဘာတွေဂရုမစိုက်ဘူး။ ချိန်းထားတဲ့နေရာကို အချိန်မှီရောက်ဖို့ကိုပဲ ဂရုစိုက်တယ်။ အဲ့သလို ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုကြောင့်ပဲ သတ်မှတ်ထားတဲ့နေရာကို သတ်မှတ်ထားတဲ့အချိန်မတိုင်ခင် ၁၅မိနစ်အလိုမှာ ရောက်သွားတယ်။ ကျန်တဲ့သူတစ်ယောက်မှ မရောက်ကြသေးဘူး။ နောက်နာရီဝက်နေလို့လည်း ရောက်မလာကြဘူး။ ကျွန်တော် အားထုတ်သလို သူတို့ အားမထုတ်ဘူး။ ကျွန်တော်ဝီရိယရှိသလို သူတို့ မရှိဘူး။ သူတို့မကောင်းဘူး။ ကျွန်တော်အချိန်တိကျတာပဲသိတယ်။ သူတို့မှာ နောက်ကျခွင့်ရှိတယ်ဆိုတာ ကျွန်တော်မသိဘူး။ သူတို့တွေ မကောင်းဘူး။
ယောက်ျားတစ်ယောက်က အသက်သုံးဆယ်ကျော်ရင် အကျပိုင်းရောက်သွားပြီ။ လေ့လာသင်ယူနိုင်စွမ်း လျော့နည်းသွားပြီ။ အဲတာကြောင့် အခုကတည်းက သင်စရာရှိတာသင်တယ်။ လေ့လာစရာရှိတာလေ့လာတယ်။ အသက်သုံးဆယ်အရွယ်ရောက်ရင် ထွေထွေထူးထူးအားစိုက်မထုတ်ရဘဲ ဝင်လာမယ့် ဝင်ငွေလမ်းကြောင်းကို အခုကတည်းက ဖောက်နေတယ်။ ကျန်တဲ့သူတွေက ဘားမှာ ကော့တေးသောက်လို့ကောင်းနေကြတုန်း။ အဲ့ကောင်တွေမကောင်းဘူး။ ကျွန်တော်ကြိုးစားသလို သူတို့ မကြိုးစားကြဘူး။
ကျွန်တော် တစ်နှစ်နေလို့ အဝတ်အစားတစ်စုံ မဝယ်ဖြစ်ဘူး။ ကျန်တဲ့သူတွေက တစ်ပွဲတက်ဖို့ သုံးစုံလောက် ဝယ်ပလိုက်တယ်။ ဆံပင်ကနေ ခြေဖျားထိတွက်လိုက်ရင် သူတို့ရဲ့ အဝတ်စားတစ်စုံစာက ကျွန်တော့်လုပ်ခလစာ တစ်လစာလောက်ဖြစ်နေတတ်တယ်။ ကျွန်တော့်လို တစ်ကိုယ်လုံးပေါင်း နှစ်သောင်းမပြည့်ဘဲ အဲ့ကောင်တွေ ပွဲမတက်နိုင်ဘူး။ အဲ့ကောင်တွေမကောင်းဘူး။
ကျွန်တော်က သူငယ်ချင်းတွေဆုံရင် သူ့အလုပ်၊ ကိုယ့်အလုပ် အတွေ့အကြုံတွေမျှဝေချင်တယ်။ အဲ့ကောင်တွေက ဟိုရည်းစားနဲ့ ဒီဟော်တယ်သွားတဲ့အကြောင်း ဖောက်သည်ချနေတယ်။ ဘယ်ဆေးက ဘယ်လိုစွမ်းကြောင်း အားပါးတရပြောနေတယ်။ ကျွန်တော်က ကမ္ဘာပတ်ချင်တယ်။ အဲ့ကောင်တွေက ခြင်ထောင်ထဲက ထွက်မလာဘူး။ အဲ့ကောင်တွေ မကောင်းဘူး။
ကျွန်တော်က "ကိုယ့်လက်ထဲရှိမှ သူများကို ပေးလို့ရမယ်"လို့တွေနေးတဲ့အချိန်မှာ " အမေကျန်းမာရေးမကောင်းဘူး။ မိဘရှိတုန်း ကျေးဇူးဆပ်ရမယ်" ဆိုပြီး စင်ကာပူကနေ တစ်လ ဒေါ်လာ ၃၅၀၀ နဲ့ ခေါ်တဲ့ သူနာပြုအလုပ်ကို ငြင်းလိုက်တယ်။ အဲ့ဟာမ လေးလည်းမကောင်းဘူး။
မသိဘူး။ တစ်ယောက်မှ မကောင်းဘူး။ ကျွန်တော်လုပ်သလို ဘယ်သူမှ လိုက်မလုပ်နိုင်ကြဘူး။