မကြာခင် နင် ဘွဲ့ရတော့မယ်...။ ငါကတော့ ကျောင်းဆက်တက်ဖြစ်ဖို့ မသေချာတော့ဘူး။ ရေရှည်ကိုမကြည့်ဘူး ပြောချင်ပြော၊ လက်ရှိ၀င်ငွေလေးကို စွန်လွှတ်ဖို့ မဖြစ်နိုင်သေးဘူး။ အဲဒီ့ငွေလေးတွေထဲက တစ်ချို့တစ်ဝက်ကို အရင်လိုပဲ နင့်အတွက် ဆက်သုံးမယ်။ နင် စားချင်တာလေး တစ်လ တစ်ခါလောက် လိုက်ကျွေးမယ်။ နင် သင်တန်းဆင်းတိုင်း လာကြိုမယ်။ နင့်အတွက် အလုပ်လိုက်ရှာပေးမယ်...။
ငါကတော့ တိုက်ခန်းလေးတစ်ခန်းလောက် ငှားနေနိုင်အောင်လုပ်မယ်။ ပြီးရင် ငါ့အလုပ်အခြေနေအရ သွားသွားလာလာအဆင်ပြေအောင် ကားလေးတစ်စီး အရင် ဝယ်မယ်။ နင် သွားချင်တဲ့နေရာရှိရင် ငါအလုပ်နားရက်တွေကျ လိုက်ပို့လို့ရတာပေါ့။ နင် အလုပ်ရရင် လစာကို မိဘတွေ အပ်ချင်အပ်၊ နင့်ညီမလေးကို မုန့်ဖိုးပေးချင်ပေး...၊ နင့် အစ်ကိုကို လက်ဆောင်တွေပေးချင်ပေး၊ နင်လိုချင်တာ ဝယ်ချင်ဝယ်၊ စုချင်လည်း စု၊ နင့် သဘော... နင်ကြိုက်တာလုပ်။
ငါတို့နှစ်ယောက်တွေ့တိုင်း အသုံးစရိတ်ကို ငါတာဝန်ယူမယ်။ တစ်ခါတလေ ဘယ်မှမသွားဘဲ ငါ့တိုက်ခန်းလေးမှာပဲ ချက်ပြုတ်စားသောက်ကြမယ်။ ရုပ်ရှင်တွေကြည့်ကြမယ်။ သူငယ်ချင်းတွေခေါ်ပြီး သောက်ကြမယ်။ ဆော့ကြမယ်။
ငါ့ အလုပ်ကလေး အဆင်ပြေလို့ ပိုက်ဆံစုမိတဲ့အခါ အိမ်ကလေးတစ်လုံးဝယ်မယ်။ ပြီးရင် ငါတို့လက်ထပ်ကြမယ်။ နင် စိတ်ကူးရှိရင် မင်္ဂလာဆောင်ကို နင့် သဘောအတိုင်းပုံဖော်ပေးမယ်။ မဟုတ်ရင် ငါဝယ်ထားအိမ်လေးမှာပဲ နှစ်ဖက်မိဘနဲ့ အရင်နှီးဆုံးသူငယ်ချင်းတွေ ခေါ်ပြီး ညစာစားပွဲလေးလုပ်လိုက်မယ်။
အိမ်တံခါးဖွင့်လိုက်တာနဲ့ ဧည့်ခန်းကို ရောက်မယ်။ တီဗီလေးတစ်လုံးရှိမယ်။ ဆိုဖာခုံလေးတွေရှိမယ်။ အခန်း သုံးခန်းထားမယ်။ နင့်အတွက် တစ်ခန်းသက်သက် ထားမယ်။ အဲ့အခန်းထဲမှာ စာဖတ်ချင်ဖတ်၊ နင် ဝါသနာပါတာတစ်ခုခုလုပ်ချင်လုပ်၊ နင့်ရဲ့ကိုယ်ပိုင်ကမ္ဘာလေးပဲ။ ငါနဲ့ စိတ်ကောက်ရင် အဲ့အခန်းမှာပဲနေ...၊ မိဘအိမ်လည်းမပြန်နဲ့၊ သူငယ်ချင်းတွေဆီလည်း လျှောက်မသွားနဲ့။ နင်စိတ်ဆိုး မပြေမချင်း ငါ တံခါးလာမခေါက်ဘူး။ အခန်းလွတ် သက်သက်တစ်ခန်းထားမယ်။ နင့် ညီမတွေ၊ နင့်အစ်ကိုတွေ၊ နင့်မိဘတွေ လာလည်ရင် အဲ့အခန်းမှာထားမယ်။ ငါတို့နှစ်ယောက်ရဲ့ ရင်သွေးတွေရလာရင်လည်း အဲ့အခန်းမှာထားမယ်။ နင့်ဘက်ကဖြစ်ဖြစ်၊ ငါ့ဘက်ကဖြစ်ဖြစ် ဆွေမျိုးတွေလာရင်တော့ အပြင်မှာပဲ လက်ခံတွေ့ဆုံကြမယ်။ နောက်တစ်ခန်းမှာတော့ ငါတို့နှစ်ယောက်အတူနေကြမယ်။ အဲ့အခန်းမှာပဲ နင့်ကိုချော့သိပ်မယ်။ အဲ့အခန်းမှာပဲ ရန်ဖြစ်မယ်။ ငါတို့နှစ်ယောက်ကြားက မတူညီတဲ့သဘောထားတွေကို အဲ့အခန်းထဲမှာပဲ ညှိယူကြမယ်။ အပြင်ကို လုံး၀မသယ်ရဘူး။ အိမ်ရဲ့ နောက်ဆုံးအကန့်လေးကိုတော့ နင်လက်စွမ်းပြဖို့ မီးဖိုခန်းလေးလုပ်ပေးမယ်။ နင်ရင်ထဲက ငါ့အတွက် မေတ္တာတစ်ချို့တစ်ဝက်ကို အဲ့နေရာလေးမှာ ဖန်တီးနိုင်တယ်။
ငါတို့လက်ထပ်ပြီးတဲ့အခါ နင် အလုပ်ဆက်လုပ်ချင်လည်း လုပ်နိုင်တယ်။
နင့်မိဘတွေ သက်ရှိထင်ရှားရှိနေသမျှ နင့်လစာ အားလုံး သူတို့အတွက် သုံးနိုင်တယ်။ သုံးနှစ်လောက် ငါတို့ကြိုးစားရုန်းကန်ကြမယ်။ ပြီးရင် သုံးလလောက် ခရီးတွေ ထွက်ကြမယ်။ ပြန်လာတဲ့ အခါကျ ငါတို့ရဲ့မျိုးဆက်၊ သားလေးတွေ၊ သမီးလေးတွေ ဖန်တီးကြမယ်။ ငါကတော့ ငါတို့အလုပ်မလုပ်နိုင်တဲ့အခါ ငါတို့မိသားစုကိုဦးဆောင်ဖို့ သားလေးတစ်ယောက် အရင်ဆုံးလိုချင်တယ်။ ပြီးရင် နင်အဖော်ရအောင် သမီးလေးတစ်ယောက်လောက် ထပ်မွေးမယ်။ သူတို့အတွက် အကောင်းဆုံးမိဘတွေဖြစ်အောင် ငါတို့ကြိုးစားသွားကြမယ်။
